Friday, January 24, 2020

သုံးပါ သို့သော် မဖြုန်းပါနှင့်

သုံးပါ သို့သော် မဖြုန်းပါနှင့်
**************
တစ်ရက်
တမန်တော်မြတ် ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်ဟာ
ဝုဇူပြုလုပ်နေတဲ့ ဆွဟာဗီဟဇရသ်စအဒ်(ရသွေ့)
အနားကနေဖြတ်သွားတဲ့အခါ

“စအဒ်ဘယ်လိုဖြစ်လို့ ဒီလောက်ရေတွေ ဖြုန်းတီး
နေရတာလဲဆိုပြီး” မေးမြန်းတော်မူလိုက်တယ်။

ဆွဟာဗီက ကိုယ်တော်မြတ်ရယ် ဝုဇူလုပ်တာပဲ။
ဖြုန်းတီးတယ်ဆိုတာရှိသေးလို့လားလို့ ပြန်လည်
လျှောက်ထားတဲ့အခါ

တမန်တော်မြတ်က ရှိတာပေါ့။ အကယ်၍မြစ်ကမ်း
နံဘေးမှာဝုဇူလုပ်ရင်တောင် (ရေ)ကို အပိုသုံးစွဲပိုင်ခွင့်
မရှိဘူး လို့ဆုံးမတော်မူခဲ့ပါတယ်။
(မွစ်နဒ်အဟ်မဒ်ကျမ်း)

ဝုဇူပြုခြင်းဟာ ကုသိုလ်အကျိုးရတဲ့အလုပ်တစ်ခု
ဖြစ်ပါတယ်။ ဘာသာရေးအလုပ်ဖြစ်တဲ့ ဝုဇူပြုလုပ်တဲ့
ကိစ္စမှာတောင် တမန်တော်မြတ်ဟာ မိမိရဲ့တပည့်
ဆွဟာဗဟ်တွေကို မဖြုန်းတီးဖို့၊ အပိုမသုံးဖို့အနီးကပ် ပညာပေးမှုပြုလုပ်ခဲ့တယ်ဆိုရင်

တခြားလောကီကိစ္စတွေမှာ အပိုမသုံးဖို့မဖြုန်းတီးဖို့
ဘယ်လောက်သွန်သင်ခဲ့မလဲဆိုတာ
ကျနော်တို့တတွေ ဂရုပြုဖို့ အလွန်အရေးကြီးပါတယ်။

လူတစ်ယောက်ရဲ့နေ့စဉ်လုပ်ငန်းတွေဖြစ်တဲ့
စားခြင်း၊ သောက်ခြင်းမှာလည်း မဖြုန်းတီးဖို့လိုပါတယ်။

မသေရုံတမယ်ပဲစားရမယ်လို့ ဆိုလိုတာမဟုတ်ပေမယ့်
နေ့စဉ်နဲ့အမျှ
ဟင်းအမယ် ဆယ်မျိုးလောက်နဲ့ စားသုံးခြင်း၊
မကုန်မခမ်းချက်ပြုတ်ခြင်း၊
နေ့စဉ် အနည်းဆုံးလူတစ်ယောက်စာလောက်
စွန့်ပစ်ရခြင်းတွေဟာ သာသနာကတားမြစ်ထားတဲ့
အပိုဖြုန်းတီးခြင်းမှာ ပါပါတယ်။

အရာတစ်ခုရဲ့တန်ဖိုးဟာ မရှိတဲ့အချိန်မှ သိရပါတယ်။
အဆင်ပြေတဲ့အချိန် ဖြုန်းတီးသုံးစွဲမှုတွေရဲ့နောက်ဆက်
တွဲရလဒ်တွေဟာ ပတ်ဝန်းကျင်မှာ ဒုနဲ့ဒေးပါ။

နေ့စဉ် ထမင်းတစ်လုပ်အတွက်
နဖူးကချွေးခြေမအထိကျအောင် ရုန်းကန်ရှာဖွေ
နေရသူတွေ ပတ်ဝန်းကျင်မှာရှိနေသလို ဒုက္ခသည်
စခန်းတွေမှာ မသေစာ စားနေရသူတွေလည်း ကမ္ဘာ
တစ်ဖက်မှာရှိနေပါတယ်။

အစားအသောက်မှာမဖြုန်းတီးဖို့ လိုသလို အင်္ကျီအဝတ်
အစားတွေဝတ်ဆင်ရာမှာလည်း ဒါကိုဂရုပြုဖို့လိုပါတယ်

ကိုယ့်ကို အလ္လာဟ်အရှင်မြတ်ပေးထားတဲ့
အတိုင်းအတာနဲ့ သိန်းချီအင်္ကျီတွေဝယ်ဝတ်နေတာ
ပြသာနာမရှိပေမယ့် မဖြုန်းတီးဖို့တော့လိုပါတယ်။

ဆိုလိုတာက
မဝတ်ရသေးတဲ့အင်္ကျီတွေရှိနေပေမယ့်
အသစ်တွေ ထပ်ထပ်ဝယ်တာ၊
မဝတ်ဘဲလွှင့်ပစ်တာ၊ တန်ဖိုးကြီးအင်္ကျီအဝတ်အစား
တွေကို တန်ဖိုးမထားတာ စတဲ့ အကြောင်းကိစ္စတွေဟာ ဖြုန်းတီးခြင်း သို့မဟုတ် နိအ့်မသ်ကို တန်ဖိုး
မထားခြင်းတွေဖြစ်ပေါ်စေပါတယ်။

အလ္လာဟ်အရှင်မြတ်သခင်အလွန်စိတ်ဆိုးတဲ့
လုပ်ရပ်တွေပါ။

ကိုယ့်အနေအထားနဲ့ကိုယ် သုံးပိုင်ခွင့်ရှိပါတယ်။
စားပိုင်ခွင့်ရှိပါတယ်။ အလ္လာဟ်ပေးထားတဲ့ နိအ့်မသ်
စည်းစိမ်ကို ထုတ်ဖေါ်ခြင်းလည်း ပြုပိုင်တဲ့ကိစ္စတစ်ခု
ဖြစ်ပါတယ်။ သို့သော် ဖြုန်းတီးလို့မရပါ။

လူ့အဖွဲ့အစည်းတစ်ခုကျဆုံးခြင်းရဲ့အဓိက
အကြောင်းအရင်းတွေထဲမှာ မလိုအပ်တဲ့နေရာတွေမှာ
အဆမတန်သုံးစွဲခြင်း၊ ဖြုန်းတီးခြင်းတွေလည်း
ပါပါတယ်။

ဘာသာရေးဖိနှိပ်မှုတွေဖြစ်နေတယ်။
နိုင်ငံသားဖြစ်တည်မှုမှာ ငြင်းပယ်ခံနေရတယ်၊
ဗလီတွေစာသင်ကျောင်းတွေ နှောင့်ယှက်ခံနေရတယ်။ ဘဝတွေဟာ ကျီးလန့်စာစားနေရတယ်။

ဒါတွေကို ကိုယ်က မတားဆီးနိုင်ပေမယ့် ကိုယ်
လုပ်နိုင်တဲ့အရာတွေကတော့ ကိုယ့်လူ့အဖွဲ့အစည်းကို ပညာတတ်ပြီး စည်းကမ်းရှိတဲ့ ပတ်ဝန်းကျင်အဖြစ်
ဖန်တီးခြင်းပါ။

အထူးသဖြင့် မွတ်စ်လင်တွေရဲ့ မင်္ဂလာဆောင်တွေ
ပွဲလမ်းသဘင်၊ အခမ်းအနားတွေမှာနေ့စဉ်နဲ့အမျှ
ဖြစ်ပေါ်နေတဲ့ ဖြုန်းတီးမှုတွေ လျှော့ချပစ်ဖို့အပြီး
ပပျောက်အောင် လုပ်ကြရပါမယ်။

ကိုယ့်အနေအထားနဲ့ကိုယ် စီစဉ်ကြတာပြသာနာ
မဟုတ်ပေမယ့် ဖိတ်စာတစ်စောင်မှာ သောင်းဂဏန်းနဲ့သုံးစွဲခြင်းကတော့ တကယ့်ကိုဖြုန်းတီးမှု
အစစ်ဖြစ်ပါတယ်။

မင်္ဂလာဆောင်တွေ ဧည့်ခံပွဲတွေမှာ စွန့်ပစ်လိုက်ရတဲ့
ထမင်းတွေဟင်းတွေဟာ တစ်နပ်စားဖို့ရုန်းကန်နေရတဲ့
ဆင်းရဲသားပေါင်း မြောက်မြားစွာကို လှောင်ပြောင်
သလိုဖြစ်နေပါတယ်။

သုံးခွင့်ရှိပါတယ်၊ အလှအပ ချယ်ခွင့်ရှိပါတယ်၊
အကောင်းစားကားတွေစီးခွင့်ရှိပါတယ်၊
အကောင်းစားစားသောက်ဆိုင်တွေမှာ
စားခွင့်သောက်ခွင့်ရှိပါတယ်။

သို့သော်ဖြုန်းတီးတာကို အစ္စလာမ်က ခွင့်မပြုတဲ့
အတွက်မိမိရဲ့နေ့စဉ်လည်ပတ်မှုတွေမှာ
ဘယ်လောက်အတိုင်းအတာအထိ မလိုအပ်တဲ့
သုံးစွဲမှုတွေရှိနေသလဲဆိုတာစဉ်းစားဖို့၊ ဆင်ခြင်ဖို့နဲ့
သတိပြုနိုင်ဖို့တိုက်တွန်းလိုက်ရပါတယ်။

မုဟမ္မဒ်ယူစွတ်ဖ်- ဇီးကုန်း ပြန်လည်မျှဝေပါသည်။

No comments:

Post a Comment