မိတ်ဆွေများခင်ဗျား
လူတစ်ယောက်ဟာ မသိဘဲနဲ့အပြစ်တစ်ခုလုပ်မိမယ်ဆိုရင် အလ္လာဟ်ဟာ ခွင့်လွှတ်ပါတယ်၊ ရည်ရွယ်ချက်မပါတဲ့ မတော်တဆ ကိစ္စရပ်တွေအတွက် ရှရီအသ်တရားတော်က ခြွင်းချက်ထားပေးထားပါတယ်၊ သို့သော် အဲဒီ အမှား နောက်တစ်ခါ မလုပ်မိဖို့အတွက် မိမိဘက်က ခိုင်မာတဲ့ မူဘောင်တွေ ချမှတ်ပြီး စနစ်တကျ ပုံစံတစ်ခုဆွဲထားဖို့တော့လိုပါတယ်၊ ဒါကြောင့် မရည်ရွယ်ဘဲ ဟရာမ် အသားစားမိခဲ့တဲ့လူတွေအနေနဲ့သောင်ဗာပြုပြီး နောက်နောင် ဒါမျိုးမဖြစ်မိအောင် သတိပြုဆင်ခြင်ကြဖို့လိုပါတယ်၊
နောက်တစ်ခု ကြုံလို့ပြောပြချင်ပါတယ်
အလ္လာဟ်အရှင်မြတ်သခင်ရဲ့ကျေးဇူးနဲ့ပြီးခဲ့တဲ့ (၃) လ ခန့်ကတည်းက ဟလာလ်စားသောက်ကုန် ကဏ္ဍနှင့်ပတ်သတ်ပြီး ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်တိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်စတဲ့ နိုင်ငံအနှံ့က အထင်ကရ အာလင်မ်သာသနာ့ပညာရှင်ကြီးတွေ ဦးဆောင်ပြီး ကြိုးပမ်းလျက်ရှိပါတယ်၊ သက်ကြီးဝါကြီးဆရာကြီးတွေကို နာယက ထားပြီး ဓမ္မသတ်ပညာရော ရှရီအဟ် ဟလာလ်ကဏ္ဍမှရော ကျွမ်းကျင်တဲ့ မုဖ်သီတွေ၊ အစားအသောက်သိပ္ပံနှင့်ပတ်သတ်တဲ့ ပညာရှင်တွေ၊ ဂုဏ်သရေရှိ မွတ်စ်လင်လူကြီးတွေ ပါဝင်တဲ့ စားသောက်ကုန် ဟလာလ်ဖြစ်မြောက်ရေး ကော်မတီဟာ ရန်ကုန်မြို့နှင့် မန္တလေးမြို့မှာ ပဏာမ ဆွေးနွေးပွဲတွေကျင်းပခဲ့ပါတယ်၊
ဦးစွာပထမ စားသောက်ကုန်နှင့် သက်ဆိုင်တဲ့ အလွှာအသီးသီးက ပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးပွဲတွေ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်၊ ရန်ကုန်မြို့မှာ နိုဝင်ဘာလ နှင့် ဒီဇင်ဘာလမှာ လူ (၁၇၀) စီ တက်ရောက်တဲ့ ဆွေးနွေးပွဲတွေကို City Hotel ခန်းမမှာ ကျင်းပခဲ့ပြီး အနယ်နယ် အရပ်ရပ်မှ အာလင်မ်ပညာရှင်ကြီးများ၊ ရန်ကုန်တစ်မြို့လုံးမှ စားသောက်ဆိုင်ပိုင်ရှင်များ၊ စားသောက်ကုန်လုပ်ငန်းရှင်များ၊ ထင်ရှားတဲ့ ဗလီဂေါပက များနှင့် ဂုဏ်သရေရှိ မွတ်စ်လင်လူကြီးတွေ တက်ရောက်ဆွေးနွေးခဲ့ပါတယ်၊
ဒုတိယအကြိမ် ဆွေးနွေးပွဲမှာလည်း ထင်ရှားတဲ့ အာလင်မ်များ၊ မုဖ်သီများ၊ ကြက်- ဘဲ ရောင်းဝယ်ရေးနှင့် ဆက်စပ် ပုဂ္ဂိုလ်များ၊ ပညာရှင်များ၊ တက်ရောက်ခဲ့ကြပြီး အောင်မြင်တဲ့ ဆွေးနွေးပွဲများ ကျင်းပနိုင်ခဲ့ပါတယ်၊
ထို့အတူ မန္တလေးမြို့ပန်းသေးခန်းမမှာလည်း မန္တလေးမြို့က စားသောက်ဆိုင်လုပ်ငန်းရှင်များ၊ ကြက်-ဘဲ- နွား- ဆိတ် လုပ်ငန်းရှင်များ နှင့် လူ (၃၀၀ ) ကျော် တက်ရောက်တဲ့ ဆွေးနွေးပွဲကျင်းပနိုင်ခဲ့ပါတယ်၊
ဆွေးနွေးပွဲများရဲ့နောက်ဆက်တွဲ လုပ်ငန်းအကောင်အထည် ဖေါ်ဆောင်တဲ့အနေနဲ့လည်း ရန်ကုန်မြို့အနှံ့က နာမည်ကြီး စားသောက်ဆိုင် (၅၀) ကျော်နှင့် ချိတ်ဆက် ဆောင်ရွက်နေပြီး ပထမအဆင့် ကြက်- ဘဲ ကဏ္ဍကို ရှရီအသ်နဲ့ညီညွှတ်ပြီး သန့်သန့်ပြန့်ပြန့်ဖြစ်ဖို့လုပ်ငန်းစဉ်များ ချမှတ် ရေးဆွဲပြီး လုပ်ဆောင်နေပါတယ်၊ (မချိတ်ဆက်ရသေးတဲ့ ဆိုင်တွေလည်း ကျန်ပါသေးတယ် )
စားသောက်ဆိုင်ပိုင်ရှင်များကလည်း အားတက်သရော ပူးပေါင်းပြီး စစ်မှန်တဲ့ ဟလာလ် စားသောက်ဆိုင်များဖြစ်ပေါ်လာဖို့အတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်၊
* ကြက်-ဘဲ ကဏ္ဍကို အရင်ဆုံး ကိုင်တွယ်ရတဲ့အကြောင်းကလည်း ကျွန်တော်တို့ပတ်ဝန်းကျင်မှာ အရေးအကြီးဆုံးနှင့် အလိုအပ်ဆုံး ကိစ္စဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်၊ ကြက်- ဘဲ ကဏ္ဍပြီးတဲ့အခါ နောက်ထပ် အများကြီး ကိုင်တွယ်ပြုပြင်ရမယ့် အရာတွေရှိသေးတယ့်အတွက် တစ်ဆင့်ချင်းစီ ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်၊ *
ဒါတွေကို လွန်ခဲ့တဲ့ (၃) လခန့်ကတည်းက ကျွန်တော်တို့ကြိုးပမ်းနေပေမယ့် လူမှုကွန်ယက်တွေပေါ်မှာ ဘာမျှမတင်ဖြစ်ခဲ့ပါဘူး၊ အလုပ်မှာ ထိခိုက်မှာကြောင့် မတင်ဖြစ်တာပါ၊ သို့သော် မနေ့က ဖြစ်ပွားခဲ့တဲ့ ကိစ္စနှင့်ပတ်သတ်ပြီး အစ္စလာမ်ဘာသာဝင် ညီနောင်တွေ အလွန် ရတက်မအေး ဖြစ်နေတာတွေ့ရတော့ ဒီကိစ္စနှင့်ပတ်သတ်ပြီး ကျွန်တော်တို့ရဲ့ တစ်ပိုင်တစ်နိုင် ကြိုးပမ်းမှုလေးတွေကို တင်ပြရခြင်းဖြစ်ပါတယ်၊
အားလုံးသိကြတဲ့အတိုင်း အလွန်ကျယ်ပြန့်လှတဲ့ ကဏ္ဍလည်းဖြစ်ပြီး သုညကနေ စလုပ်ရတဲ့အတွက် အများကြီး ကျွန်တော်တို့အတွက် အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ရှိပါတယ်၊ ဘယ်အလုပ်မဆို စနစ်တကျဖြစ်ဖို့အချိန်အရမ်းလိုအပ်ပါတယ်၊ အချိန်ယူပြီး လုပ်မှပဲ တိကျသေချာတဲ့ စနစ်တစ်ခုထွက်ပေါ်လာမှာဖြစ်ပါတယ်၊
ဟလာလ်ကဏ္ဍမှာ ကျွန်တော်တို့က တော်တော်ကို နောက်ကျနေပါပြီ ဒေသတွင်းနိုင်ငံတွေမှာ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ သီရိလင်္ကာတို့တောင် ကျွန်တော်တို့ထက်အများကြီးသာသွားတာကို တွေ့ရပါတယ်၊ စိတ်ချယုံကြည်ရတဲ့ ဟလာလ်စနစ်တွေ သူတို့နိုင်ငံတွေမှာ ခိုင်မာနေပါပြီ၊ ဒါကြောင့် မိတ်ဆွေများကို မေတ္တာရပ်ခံလိုတာက ကျွန်တော်တို့ကို အချိန်တော့ပေးပါ၊ အင်ရှာအလ္လာဟုသအာလာ ဟရာမ် ကင်းလွတ်တဲ့ ပတ်ဝန်းကျင်ဖြစ်စေဖို့ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားလုပ်ကိုင်လျက်ရှိပါတယ်၊ သုံးလအတွင်း ဒီလောက်အဆင့်ရောက်လာတယ်ဆိုတာလည်း သက်ဆိုင်တဲ့ကဏ္ဍအသီးသီးက တာဝန်ရှိသူတွေရဲ့ ပြည့်ဝတဲ့ ပူးပေါင်းမှုတွေကြောင့်ရောက်လာခြင်းဖြစ်ပါတယ်၊
ကျွန်တော်တို့ရဲ့ဆက်လက်လုပ်ဆောင်မယ့် ဟလာလ်ဖြစ်မြောက်ရေး လုပ်ငန်းစဉ်တွေမှာလည်း အများမွတ်စ်လင်တွေရဲ့ကြိုဆိုမှုနှင့် ပူးပေါင်းမှုများလိုအပ်ပါတယ်၊ အဲဒီအတွက် အလွှာအသီးသီးက လူတန်းစားအသီးသီးအတွက် ဟလာလ် အသိပညာပေးဟောပြောပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများလည်း ကျင်းပပေးသွားမှာ ဖြစ်ပါတယ်၊
အပေါ်မှာတင်ပြခဲ့တဲ့အချက်အလက်တွေအားလုံး အကောင်အထည်ဖေါ်ဖို့နိုင်ငံတကာ ဟလာလ် စံချိန်စံညွှန်းကို အခြေခံပြီး မြန်မာနိုင်ငံနဲ့ကိုက်ညီတဲ့ ဟလာလ် Certification Body တစ်ခု တည်ဆောက်နိုင်ဖို့အရေးကြီးပါတယ်၊ အဲဒီအတွက်လည်း ကျွန်တော်တို့ကြိုးပမ်းနေပါတယ်၊
ဆွေးနွေးပွဲများနှင့်ပတ်သတ်ပြီး သတင်းမှတ်တမ်းများ၊ ဓါတ်ပုံများ၊ ရုပ်သံမှတ်တမ်းများကို သက်ဆိုင်ရာ စားသောက်ကုန်ဟလာလ်ဖြစ်မြောက်ရေး ကော်မတီရဲ့ဖေစ့်ဘွခ်စာမျက်နှာ လွှင့်တင်ဖြစ်တဲ့အခါ အသေးစိတ်တင်ပြပေးသွားမှာဖြစ်ပါတယ်၊
No comments:
Post a Comment